၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အား/ပညာပေါင်းစပ် လေ့ကျင့်ရေးသင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနား (၆.၆.၂၀၂၂)

ရန်ကုန်၊ ဇွန်လ (၆)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၂-၂၀၂၃ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ မှ ဥက္ကဌများ ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၂၀၂၂-၂၀၂၃ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ကျောင်းသူလေးများက ဒို့ချစ်တဲ့သိပ္ပံ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီးနောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင်
- နိုင်ငံတော်ရဲ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးသည် အမျိုးသားရေး တာဝန်ကြီးတစ်ရပ်ဖြစ်သလို အားကစားအောင်မြင်မှုသည်လည်း နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်၊ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့ အားကစားအောင်မြင်ရေးအတွက် ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ်အားကစားသမား လူငယ်မောင်/မယ်များကို ရှာဖွေ ဖော်ထုတ် လေ့ကျင့်ပေးမှုဟာလည်း အရေးကြီးပြီး ၊ အခြေခံကျတဲ့ အခန်းကဏ္ဍတစ်ခုပင်ဖြစ်ကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းကျောင်းကို ၁၉၉၇-၁၉၉၈ ပညာသင်နှစ်မှ ယခုပညာသင်နှစ်အထိ ဖွင့်လှစ်ခဲ့တာ (၂၅)နှစ်ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းကို စတင်ဖွင့်လှစ်ခဲ့စဉ်က အားကစားနည်း (၁၀)နည်း၊ သင်တန်းသား/ သင်တန်းသူ (၁၁၀)ဦးနှင့် ဖွင့်လှစ်ခဲ့ပါသည်။
- ယခုဖွင့်လှစ်မယ့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေး သင်တန်းမှာလည်း ယခင်နှစ် လက်ကျန် သင်တန်းသားများအပါအဝင် သင်တန်းသား/ သင်တန်းသူ (၂၂၅)ဦးအထိ ရွေးချယ်ထားပြီး အားကစားနည်း(၂၂)နည်းဖြင့် လေ့ကျင့် သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူလေးများရဲ့ လေ့ကျင့်ရေး ၊ ပညာသင်ကြားရေး ၊ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး စတဲ့ ကိစ္စအဝဝကို အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနက အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသလို ပိုမို ပြည့်စုံ ကောင်းမွန်စေရန် အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့လည်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကို အားဖြည့်ဖွဲ့စည်းပေးထားပြီး အလှူရှင်များရဲ့ ပံ့ပိုး ကူညီမှုနဲ့ ကျောင်းသား/ကျောင်းသူလေးများရဲ့ လိုအပ်ချက်များကို အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ၊ ကျောင်းအကျိုးတော်အဖွဲ့နှင့် အလှူရှင်များကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ကလေးများအတွက် အသိပညာဗဟုသုတ ရစေမယ့် ငွေကျပ်ငါးသိန်းတန်းဖိုးရှိ စာအုပ်မျိုးစုံ (၁၅၅)အုပ်ကိုလည်း ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ကျောင်းစာကြည့်တိုက်သို့ ပေးလှူသွားမှာဖြစ်ကြောင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ် လေ့ကျင့်ရေး အထက်တန်းကျောင်းများဟာ ပြင်ပအထက်တန်းကျောင်းများနှင့်မတူဘဲ အားကစားသာမက ပညာရေးကိုပါ ထူးချွန်အောင် သင်ကြားပေးရတာဖြစ်တဲ့အတွက် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ အနေနဲ့ ကျောင်းရဲ့ သဘောသဘာဝ ကို နားလည်ပြီး ကျောင်းသား/ကျောင်းသူများရဲ့ ပညာရေးတိုးတက်ဖို့အတွက် မဟာဗျူဟာ
ချမှတ်ပြီး အသေးစိတ်စီမံချက်များ ရေးဆွဲဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလို ပါကြောင်း၊
- အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ခြင်း သင်တန်းသားများဟာ အသက်အရွယ် ငယ်ပြီး ကျန်းမာကြံ့ခိုင်တဲ့သူတွေဖြစ်လို့ အားကစားကို ဇွဲ၊ လုံ့လ ဖြင့်အရင်းတည်၍ နည်းစနစ်မှန်မှန်နှင့် ထိထိရောက်ရောက် ကြိုးစားလေ့ကျင့်သွားကြရန်၊ လူမှုဆက်ဆံရေး နယ်ပယ်မှာလည်း တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဓါတ်များကင်းဝေးပြီး အများနှင့်စည်းလုံ ညီညွတ်စွာ နေထိုင်၍ သန့်ရှင်းသော ယှဉ်ပြိုင်မှုများဖြင့် ယှဉ်ပြိုင်ပြီး ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိအောင် တည်ဆောက်ကြရန် ၊ မိမိတို့ ရရှိခဲ့တဲ့ အောင်မြင်မှုများဖြင့် တင်းတိမ်ရောင့်ရဲမနေဘဲ ယခုထက်ပို၍ မိမိကျောင်း၏ ဂုဏ် ၊ နိုင်ငံဂုဏ်ကို အားကစားဖြင့် မြှင်တင်ကြရန် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ တာဝန်ရှိသူများ ၊ နည်းပြများ၊ ပညာရေးဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများအားလုံးက မိမိကျရာ အခန်းကဏ္ဍာအသီးသီးမှ မိမိတို့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပြီး မိမိကျောင်း၏ ဂုဏ်သိက္ခာမြင့်မားအောင် အားကစားနှင့်ပညာရေးကို စနစ်တကျပေါင်းစပ်ပြီး (၂၅)နှစ်တိုင်မှ နောင်နှစ်ပေါင်းများစွာ ဂုဏ်သိက္ခာရှိရှိ အဆင့်အတန်းမြင့်မားစွာ ရပ်တည်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ နာယကရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ငွေကျပ်(၁၀)သိန်းနှင့် စာအုပ်မျိုးစုံ (၁၅၅)အုပ် အားလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေက ငွေကျပ်(၁၀)သိန်းနှင့် Mask (၃၀၀၀)အား လည်းကောင်းပေးအပ်လှူဒါန်းရာ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် က လက်ခံရယူခဲ့ပါသည်။
ယနေ့အခမ်းအနားတွင်အလှူရှင်အသီးသီးတို့မှ လှူဒါန်းငွေကျပ်စုစုပေါင်း ၁၉၃၅၀၀၀၀/- ၊ ဘောလုံး(၁၀၀)၊ ပဲအိတ်(၃၀)၊ သကြားအိတ်(၃၀)၊ Pocari Sweat (၅)ဖာတို့အား ပေးအပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တို့က အသီးသီးလက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာ ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းကို ၁၉၉၁ခုနှစ်၊ ဇူလိုင်လ ၊ (၂၉)ရက်နေ့မှ စ၍ ဖွင့်လှစ်ခဲ့ပြီး အခြေခံနည်းပြသင်တန်းများ၊ အားကစားလုပ်ငန်းကို စီမံခန့်ခွဲမယ့်သူများ၊ နည်းပြ ဆရာများအတွက် အားကစားဒီပလိုမာသင်တန်းကို အမှတ်စဉ်(၁)မှ (၁၃)ထိ လည်းကောင်း၊ အခြေခံပညာ ကာယဆရာ/ဆရာမများ အားကစားနည်းပြသင်တန်းကို အမှတ်စဉ်(၁)မှ (၁၅)ထိလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ကာယဆရာ/ဆရာမများ အားကစားနည်းပြ မွမ်းမံသင်တန်းများ၊ ဌာနတွင် ဦးစီးအရာရှိ မွမ်းမံသင်တန်းအမှတ်စဉ်(၁)မှ (၈)အထိ နဲ့ အခြားနည်းပြသင်တန်းများ ကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ အားကစား နှင့်ကာယပညာ သိပ္ပံကျောင်းများမှ နိုင်ငံအတွက် လက်ရွေးစင် အားကစားသမားကောင်းများ မွေးထုတ်ပေးခဲ့ တာဖြစ်ပါကြောင်း၊ ပြီးခဲတဲ့ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းမှ အားကစားသမား(၂၀)ဦး ပါဝင်ခဲ့တာ ဖြစ်ပါ ကြောင်း၊ တိုင်းပြည်အတွက် အကျိုးရှိသည့် အားကစားသမားကောင်းများ ထွက်ပေါ်လာအောင် အဓိကအခန်းကဏ္ဍာ (၅)ရပ်ထဲမှ (၃)ရပ် ဖြစ်သော အားကစား ထူးချွန်အောင်မြင်ရန် ပညာရေး ထူးချွန်အောင်မြင်ရန်နှင့် ကိုယ်ရေ ကိုယ်သွေး ကောင်းမွန်စေရန်ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ စည်းကမ်းရှိပြီး ကိုယ်ရေကိုယ်သွေးထက်မြက်စေရန် အမိန့်နာခံတတ်စေရန်၊ အခြေခံစစ်ရေးပြသင်တန်းအား သင်ကြားပို့ချသွားမှာဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူ များအတွက် နိုင်ငံတော်မှ အဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက် များကျွေးမွေးရေး၊ ကျောင်းသားများအတွက် ကျောင်းဝတ်စုံ၊ အားကစားဝတ်စုံ၊ လေ့ကျင့်ရေးဝတ်စုံ၊ အခြားဝတ်စုံ များ ၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအား ဆောင်ရွက်ပေးထားပါကြောင်း၊ ဧည့်သည်တော်များ ၊ ကျောင်းအကျိုးတော်ဆောင်များ၊ အလှူရှင်များအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်းပြောကြားသွားပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ကျောင်းသူလေးများက Myanmar Fitness Dance ၊ ကရာတေးဒို၊ မြန်မာ့သိုင်း၊ ဝူရှူး အားကစားနည်းများဖြင့် သရုပ်ပြ ဖျော်ဖြေပြီးနောက် မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့်တာဝန်ရှိ ပုဂ္ဂိုလ်များ က အားကစားပစ္စည်းနည်းအလိုက် ခင်းကျင်းပြသထားသည့် အားကစားပစ္စည်းများအား လိုက်လံကြည့်ရှု ခဲ့ကြောင်းသိရှိရပါသည်။